January 6, 2010

ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြပ်ကြည့်ရှုပေးခြင်း ။

ဆရာဝန်၊ ကျောင်းဆရာ၊ စာရေးဆရာ။
ဘ၀မှာ ဖြစ်ချင်သည့် ဆန္ဒက သုံးခုတောင် ဆိုတော့ အဲဒါတွေ အောင်မြင်အောင် ဟိုနည်းနည်း သည်နည်းနည်း လိုက်ကြိုးစား နေခဲ့ မိသည်မှာ ဆရာဝန် ဖြစ်ပြီး ၂၃နှစ် ကြာသွား ခဲ့သည်။
၂၀၀၈ ခုနှစ် ကတော့ တော်တော် ထူးခြားသည့် နှစ်ပါပဲ။
အဲသည့် ဆန္ဒတွေ အားလုံး ပြည့်သွားသည်။
တစ်ခု ပြီးမှ တစ်ခု မဟုတ်။ ၀ုန်းခနဲ ပြိုင်တူ လိုလို နီးပါး ပြည့်ဝ သွားတာပါ။
သည်တော့ အဲသည့် ရပ်ဝန်း သုံးခု စလုံးက ကျွန်တော့် အချိန်တွေကို တောင်းဆိုမှုတွေ များလာသည်။ တစ်ခုခု မှာ သို့မဟုတ် သုံးခု စလုံးမှာ အနည်း နှင့် အများ လစ်ဟင်းမှုတွေ ရှိလာ တော့မည်။
ရှေ့ခရီး ဘယ်လို ဆက်လျှောက် ရမည်မှာ မျှော်ကြည့်တိုင်း မှုန်ဝါးဝါး။
ကိုယ်ကလည်း ဘယ်ဘက်က မှ မလျော့ချင်။
ယူချင်တာ ယူသွားတော့ ဟု မိသားစု ဘ၀ ကလေး မိုးနတ်မင်း ဆီ အပ်ထား ခဲ့တာ ကြာပေါ့။




ဖြစ်ချင်ရာ ဖြစ်ဟု သဘောထား ကာ Wellness မဂ္ဂဇင်း တွင် တတိယမြောက် ၀တ္ထုရှည် `နေ၀င် အိပ်တန်းတက်´ ကို စလိုက်သည်။ ဘ၀မှာ နောက်ထပ် ဆရာဝန် ဘ၀ သရုပ်ဖော် ၀တ္ထုရှည် တစ်ပုဒ် ထပ်ရေးနိုင် မရေးနိုင် ဆိုတာ သေမှ မသေချာ တော့တာ။ `ကြိုးကြာ တောင်ပံ ခတ်သံ´က လူငယ် ဆရာဝန်တွေ အတွက်၊ `ဒေါက်တာ ရွှေသွေး နှင့် မပန်းဝတ်မှုံ´ က လူလတ်ပိုင်း ဆရာဝန်တွေ အတွက် ဆိုလျှင် `နေ၀င် အိပ်တန်းတက်´ ကတော့ အနားယူ ခါနီး နောက်ဆုံး ၁၀ စုနှစ်ကို ကိုယ့်ကိုယ် ကိုယ် ရောက်မှန်း မသိ ရောက်နေကြသော ဆရာဝန်ကြီးများ အတွက် ပေါ့။ ဒါပြီးလျှင် ကိုယ်လည်း ၅၀ ပြည့်ခါ နီးပြီ။ `နေ၀င် အိပ်တန်းတက်´ စာရင်းထဲ ပါတော့မည်။
အဲသည် ၀တ္ထုထဲက အဓိက ဇာတ်ကောင် ပညာတတ်၊ ကြေးရတတ် မလေး `မေကြာဖြူ´က ရှင်မဟာ သီလ၀ံသ ၏ `၀သုနြေ္ဒ၊ ဤမြေသော်လည်း၊ စောင့်စည်းမှုသား၊ ကျင့်သောအားဖြင့်၊ စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက် သစ်ပင်၊ ဆေးဖက်ဝင်၏´ ဆိုသည့် စကားကို နှစ်ခြိုက်လွန်း သဖြင့် `ပေါ်ဆီတက်´ အမည်ဖြင့် ဂျာနယ် တစ်စောင် ထုတ်ဝေကာ ကဗျာကို ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြသည်ဟု ကျွန်တော် ရေးထားသည်။ တိုက်တိုက်ဆိုင်ဆိုင် Family အုပ်စုကလည်း `နွယ်မြက်သစ်ပင်´ ‘the Living Vine’ အမည်ဖြင့် အင်္ဂလိပ်ဘာသာ အဓိက မဂ္ဂဇင်းတစ်စောင် ထုတ်ဝေကာ အဲသည် ကဗျာကို အဖုံးမှာ သုံးထားသည်။ သူတို့က အကြံ ရတာ နည်းနည်း စောဟန် တူသည်။
ကိစ္စတော့ မရှိပါ။ ၀တ္ထုထဲ က ဇာတ်ကောင် နှင့် အကြံတူ တာပဲ။
အဲသည်လို မလုပ်နိုင်တော့မည့်၊ တိုးလိုး တန်းလန်း ဖြစ်သွားတော့မည့် ဟာတွေကို လိုက်စိတ်ပူနေခိုက်မှာ လက်ထဲမှာ တန်းလန်းကြီး ဖြစ်နေ တာက `စိန်တုံးကြီးများ အကြောင်း´ ပါပဲ။
နိဂုံးချုပ်တော့မှ ထင်သည်။
အသက် တစ်နှစ် မှ သုံးလေးနှစ် အရွယ် လက်လက်ထ နေသော စိန်တုံးကြီးများ အကြောင်းချည်း ရေးလာတာ ၁နှစ်ကျော် နေပြီ။
`မသက်´ တစ်ယောက် Perfect ကနေ Myanmar Art Centre ပန်းချီပြခန်း ဆီ စိတ်ရောက် နေတုန်း ခိုး ဇာတ်သိမ်းမှ။
မရေးရ သေးဘဲ ကျန်နေတာ ကတော့ အဲသည့် အရွယ်၏ ဖွံ့ဖြိုးရေး ဖြစ်စဉ်များ နှင့် စောင့်ကြည့် ရမည့် စိတ်ပူစရာ ကလေးများ ပါပဲ။ ဒါကလည်း Perfect အုပ်စု ရတနာသိုက် စာပေ နှင့် ကျွန်တော် ပွဲဦးထွက် လက်တွဲ ထုတ်ဝေ ခဲ့သည့် `ရင်သွေး ရတနာ ကလေးများ အတွက်´ မှာ အရွယ်တိုင်း အတွက် ဖော်ပြပြီး ဖြစ်နေလို့ပါပဲ။


နှစ်ထပ် ရှိချင် ကြသည် ဆိုလျှင်တော့ ဒီလ ပြန်ရှင်း ပါမည်။ သည်နေရာမှာ သဘောပေါက် စေချင်တာ တစ်ခုက ကျွန်တော်တို့ ကလေးဆရာဝန်တွေက သည်အရွယ်မှာ ဒါလုပ်တတ်ရမည်ဟု ပြောထားလျှင် မလုပ်နိုင်တိုင်း စိတ်ပူစရာမလိုပါ။ တစ်ယောက် နှင့် တစ်ယောက် ချွတ်စွတ် မတူနိုင်ပါ။ ဥပမာ လမ်းလျှောက်တာလေး တစ်ခုကို ကြည့်မည် ဆိုလျှင်တောင် ဆယ်လ ကတည်းက လမ်းလျှောက်တတ်သည့် ကလေး ရှိသလို ၊ ရောဂါကြောင့် ချို့ယွင်းချက်ကြောင့် မဟုတ်ပါဘဲ နှင့် ၁ နှစ်ခွဲ ကျော်မှ လမ်းစ လျှောက်သည့် ကလေးလည်း ရှိပါသည်။ ဘယ်ကလေး က ပို၍ ကျန်းမာသည်၊ ဘယ်ကလေး က ပို၍ ဥာဏ်ကောင်း လိမ့်မည် ဟုပင် သတ်မှတ် ၍ မရပါ။

ဖွံ့ဖြိုးမှု ဖြစ်စဉ်သည် တစ်ယောက် နှင့် တစ်ယောက် အကြမ်းဖျင်း ခြောက်လ လောက်တော့ အများဆုံး ကွာတတ် ပါသည်။
အသက်တစ်နှစ်အရွယ်
`ရပ်နိုင်ပေ့´၊ `ရပ်နိုင်ပေ့´ဆိုသည့် အရွယ်ပေါ့။
ခုံကလေးတွေ ကို ဆွဲ၍ ထတတ်ပြီ။ တစ်ခါ တစ်ရံ ကိုင်ထားတာလေးကို လွှတ်၍ ခဏမျှ တော့ သူ့ ခြေထောက်လေး နှစ်ချောင်း နှင့် ရပ်နိုင်မည်။ ကြာကြာတော့ မရ။
လမ်းလျှောက်တာ ကတော့ ခုံလေးတွေကို ကိုင်၍ လျှောက်သွားတာ လောက်ပဲ ရှိဦးမည်။
ပစ္စည်း သေးသေးလေးတွေ ကိုတော့ လက်ညှိုး၊ လက်မ နှင့် ညှပ်၍ သေသေ ချာချာ ကိုင်တတ်ပြီ။ ပေးသည့် ပစ္စည်းကို လည်း ပစ်ပစ်ချ တတ်သေးသည်။ လူကြီးက ကောက်ပေးလျှင်လည်း ချက်ချင်း ပြန်လွှတ် ပစ်တတ်သည်။ စိတ်မတို ပါနှင့်။ လေ့ကျင့် သင်ကြားမှု ဖြစ်စဉ် တစ်ရပ်သာ ဖြစ်ပါသည်။
သူ့နာမည်ခေါ်လျှင်လည်း လှည့်ကြည့်တတ်ပြီ။ `ဖေ´၊ `မေ´ စသဖြင့် စကားတစ်လုံး နှစ်လုံးလည်း စပြောတတ်ပြီ။
လိုချင်တာ လက်ညိုးထိုး တောင်းတတ်ပြီ။ ခွက်ထဲ က ရေကို သူ့ဘာသာ သူ မော့သောက် တတ်ပြီ။ လက်ခုပ်တီး တတ်ပြီ။ သူစိမ်း မြင်လျှင်လည်း သူစိမ်းမှန်း သိ၍ ကြောက်တတ်ပြီ။ တာ့တာ ပြတတ် ပြီ။
အသက်တစ်နှစ်ခွဲ
ထိုင်ခုံတွေ အပေါ်ဘက် တက်တတ်ပြီ။ တချို့ လမ်းစ လျှောက်တတ်ပြီး တချို့ဆို ပြေးတတ်ပြီ။ စာရွက် နှင့် ခဲတံ ပေးလိုက်လျှင် မျဉ်းကြောင်းလေး တွေ ကြောင်ခြစ် သလို ခြစ်နေပြီ။ စကားလုံး သုံးလုံးနှင့် အထက် နားလည် နေပြီ။ မျက်စိ ဘယ်မှာလဲ၊ နား ဘယ်မှာလဲ ပြတတ်အောင် သင်၍ ရပြီ။ ရှူးရှူး ပေါက်ချင်လျှင်၊ အီးအီး ပါချင်လျှင် အမူအရာ ပြတတ်ပြီ။ တစ်ချို့ ခိုင်းတာလေးတွေ နားလည်ပြီ။
အသက်နှစ်နှစ်
လှေကား ကို ခြေနှစ်ချောင်း တစ်ထစ်နှုန်း ဖြင့် တက်တတ်ပြီ။ စာရွက် ပေါ်မှာ ဒေါင်လိုက်မျဉ်းတွေ ဆွဲတတ်ပြီ။ စာအုပ်ပေးလျှင် စာရွက်တွေ စာရွက်ချင်း လှန်တတ်ပြီ။ သုံးလုံးတွဲ စကားလေးတွေ (ဥပမာ ရေးပေးပါ) ပြောတတ်ပြီ။ သူ့နာမည်ကို ခေါ်လျှင် သိနေပြီ။ အ၀တ်အစားတွေ သူ့ဘာသာ သူ ချွတ်တတ်ပြီ။
အသက် သုံးနှစ်
လှေကား ကို ခြေတစ်ချောင်း ချင်း တက်တတ်ပြီ။ သုံးဘီး စက်ဘီးလေး ပေးလျှင် စီးတတ်ပြီ။ စာရွက် ပေးလျှင်တော့ စက်ဝိုင်းပါ ဆွဲတတ်ပြီ။ အရောင်တူ စပ်ဟပ်တာ နှစ်ရောင် လောက်တော့ လုပ်နိုင် လာပြီ။ စကား လည်း ပုံမှန် ပြောတတ်ပြီ။ နာမည် အပြည့်အစုံ သိပြီ။ သူ့ကိုယ်သူ ယောက်ျားလေး၊ မိန်းကလေး သိနေပြီ။ နေ့ခင်းဘက် ရှူးရှူး ပေါက်မချတော့။
အသက် ငါးနှစ်
ခုန်တတ်ပြီ။ ဘောလုံး ဖမ်းတတ်ပြီ။ တြိဂံ ဆွဲတတ်ပြီ။ စကား ပြောတာ ချောနေပြီ။ အရောင်လေးမျိုး ခေါ်တတ်ပြီ။ သူငယ်ချင်း ရွေးပေါင်း တတ်ပြီ။ အကူအညီ ဖြင့် အ၀တ်အစား ၀တ်တတ်ပြီ။ ဒါလေးတွေ ပြောပြ ရတာက အဲသည့် အသက် အရွယ်မှာ အဲဒါလေးတွေ ဖြစ်လာလျှင် ရင်အေး နိုင်ရန် ဖြစ်သော်လည်း အဲသည့် အသက် အရွယ်မှာ အဲဒါ ဖြစ်မလာတိုင်း စိတ်ပူ စရာတော့ မလိုပါ။
နီးစပ်ရာ ကလေး အထူးကု ဆရာဝန် နှင့် တိုင်ပင် ကြည့်ပါဦး။ ပုံမှန် နောက်ကျတတ် သူများ အများကြီး ရှိပါသည်။ စိန်တုံးကြီးများ အကြောင်း နိဂုံးချုပ်သင့် မချုပ်သင့်တော့ စဉ်းစားလိုက် ပါဦးမည်။ ဘာများ ရေးစရာ ကျန်သေးလဲဟု မိဘများက သိချင်တာ ရှိလျှင်လည်း စာရေး မေးကြပါဦး။

စိန်တုံးကြီး တို့ ပုံမှန် ဖွံ့ဖြိုး တိုးတက်ကြပါစေ။
ဆန္ဒမွန်ဖြင့်
ဒေါက်တာရဲ(ကလေး အထူးကု ဆရာဝန်)

Credit To : perfectmagazine

0 မှတ်ချက် ။: